မန်မာ-ဘင်္ဂလာ နယ်စပ်လုံခြုံရေး
တပ်ဖွဲ့များဖြစ်သော နစက-BGBတို့
မောင်တောမြို့တွင် ရခိုင်ပြည်နယ်
အတွင်း ပဋိပက္ခဖြစ်ပွားပြီးနောက်
ပထမဆုံးအကြိမ်အဖြစ် အောင်လံတင် အစည်းအဝေးတစ်ခုကို စက်တင်္ဘာလ (၅)
ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးသို့ ဘင်္ဂလာမှ BGB ဗဟို စစ်တကောင်းမှ မူဟာမ္မဒ် ဇီလ္လာူလ်ဟောက်နှင့်
တာခ်နာမှ အမှတ် (၄၂) တပ်ရင်းမှူး ဇာဟိဒ် ဟာဆာန် ဦးဆောင်ပြီး ကိုယ်စားလှယ်
(၁၀) ဦးနှင့် မြန်မာ နစက နယ်မြေ (၅) မှ ဒုကွပ်ကဲရေးမှူး ဗိုလ်မှူး ဦးထွန်းသိန်းအောင်
ဦးဆောင်ပြီး (၁၅) ဦးတက်ရောက် ဆွေးနွေးခဲ့ကြောင်း ဒေသထုတ် သတင်းစာအများအပြားက ဖေါ်ပြကြသည်။
BGB စစ်တကောင်းဗဟိုမှ ဗိုလ်မှူးကြီး မူဟာမ္မဒ် ဇီလ္လူလ် ဟောက် က " မနက် (၁၀) နာရီကနေ
(၁)နာရီအထိ အစည်းအဝေး ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စ၊
မောင်တော-တာခ်နာ စီးပွားရေး၊ ပါ့စ်ပို့ဖြင့် တရားဝင် လုံခြုံစွာ ဖြတ်သန်းမှု၊
ဘင်္ဂလီကျူးကျော်မှုကိစ္စ၊ နယ်စပ်မူးယစ်ဆေးဝါးနဲ့ မှောင်ခိုကိစ္စနဲ့ တခြားဒေသအတွင်း
တချို့ကိစ္စလေးတွေ ဆွေးနွေး ဖြစ်ခဲ့ပါတယ်။
" ဟု ဒေသခံသတင်းထောက်များအား ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း
ဝပ်ဆိုက်နှင့် သတင်းစာများက ဖေါ်ပြကြသည်။
၎င်းက ဆက်လက်ပြီး နစက-BGBတို့ ပူးပေါင်း၍ နယ်စပ်မူးယစ်ဆေးဝါးများဖြစ်ကြသော အရက်၊ ဘီယာ၊ ရာဘားမြင်းဆေး၊ ဖန်ဆီဒန်း၊ ဘိန်း၊ ဂင်ဇာနှင့် မူးယစ်စေတတ်သော နေရာများကို တိုက်ဖျက်ရန် သဘောတူညီခဲ့ကြကြောင်း ဆိုသည်။
နစက-BGB အနေဖြင့် နှစ်ဘက်စီးပွားရေးသမားများ ဖွဲ့စည်းပြီး အလုပ်လုပ်နေသော
Join Working Group အဖွဲ့ဝင်များ တွေ့ဆုံကာ နယ်စပ်စီးပွားရေး အခြေအနေကို ပြန်လည်ပြီး ပုံမှန်အနေအထားသို့ ရောက်ရှိလာအောင် လုပ်ဆောင်မည့် နည်းလမ်းများ ကြိုးပမ်း ရှာဖွေကြမည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း နစကတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်-ဘင်္ဂလာ အကြားရှိ နတ်မြစ်ဝ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ပြီး
မှောင်ခိုဘုတ်များဖြင့် မလေးရှားအသွားတွင် ဘုတ်စက်ပျက်၍ မြန်မာရေတပ်မှ ဖမ်းဆီး
ရမိသူ ဘင်္ဂလီ (၂၀၀) အား လွဲပြောင်းလက်ခံမည့်အရေး ဆွေးနွေးခဲ့ကြရာ သဘောတူညီ ခဲ့ကြကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။
ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် (၁၇)နှင့် တာခ်နာမြို့နယ် အခြေစိုက် အမှတ်
(၄၂) တပ်ရင်းတို့ အနေဖြင့် (၉) ရက်နေ့မှ (၁၁) ရက်နေ့ အထိ မြန်မာနိုင်ငံသားများဟုဆိုကာ နယ်စပ်ဒေသများတွင် ပြန့်ကြဲနေသော သူများကို ဖမ်းဆီးပြီး ရခိုင်ပြည်နယ်သို့ (၂၁၀) ခန့် ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် samudrakanthanews.com, coxsbazarnews.net, teknafnews.com, ၀ပ်ဆိုက်နှင့် ဒေသထုတ် သတင်းစာအများအပြားက ဆိုသည်။
BGB အနေဖြင့် နစကနှင့် တွေ့ဆုံမဆွေးနွေးမီ မိမိတို့၏ နယ်စပ်ဒေသ လုံခြုံရေးတာဝန်အသီးသီး ယူထားကြသော ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် BGB တပ်ရင်းအမှတ် (၁၇) တပ်ရင်းမှူး
ခါလေကူဇ္ဖာမာန်၊
နတ်ချောင်းဆိုးရီ အခြေစိုက် အမှတ် (၁၅) မှ တပ်ရင်းမှူး မာဟဘူဘူရ် ရော်ဟာမာန်နှင့်
တာခ်နာအခြေစိုက် အမှတ် (၄၂) မှ ဒုရင်းမှူး ဆော်ဖိကူရ် ရော်ဟမာန်တို့
ညှိနှိုင်းဆွေးနွေးပြုများ ကြိုတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment